ကလေးနှင့် အတက်ရောဂါ
ကလေးတွေမှာ ဖျားပြီးကိုယ်ပူလွန်းလို့ တက်ခြင်း ဆိုတာဟာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းအတိအကျ မရှိပါဘူး။ ရေကျောက်ပေါက်တာ၊ အာသီးယောင်တာ၊ နားပြည်ယိုတာလိုမျိုး ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားဝင်ပြီး ဖျားနေတဲ့ကလေးတွေမှာ ကိုယ်အပူချိန်များလွန်းရင် တက်သွားတတ်ပါတယ်။
- ကိုယ်အပူချိန် 100.4’F (38’C) ထက် များခြင်း
- ခြေ၊ လက်များ တောင့်တင်းပြီး မျက်ဖြူလန်ကာ တကိုယ်လုံး တဆတ်ဆတ် တုန်တက်ခြင်း
- သတိလစ်ပြီး ပါးစပ်မှ တံတွေး/အမြုပ်များ ထွက်တာခြင်း
- တစ်ခါတစ်ရံ ဆီး/ဝမ်းများ ထွက်ကျခြင်း
- ဖြူဖျော့/ပြာနှမ်းသွားခြင်း များ ဖြစ်တတ်ပါတယ်။
တက်ချိန် မိနစ်အနည်းငယ်သာ ကြာတတ်ပြီး အတက်ပြန်ကျသွားပြီးတဲ့နောက်မှာ ကလေးက တစ်နာရီခန့် မှိန်းနေတတ်ပါတယ်။ ၂၄ နာရီအတွင်း တစ်ကြိမ်လောက်ပဲ တက်လေ့ရှိပြီး အခြားအတက်ရောဂါတွေလို အချိန်အကြာကြီးတက်တာ၊ ခဏခဏပြန်တက်တာ၊ ခန္ဓာကိုယ်တစ်ခြမ်းပဲ ကွေးကောက်တက်တာ၊ ဦးနှောက်ကိုထိခိုက်စေတာမျိုး မရှိပါဘူး။ လိုအပ်တဲ့ကုသမှုခံယူပြီးရင် အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ တစ်ခါဖျားပြီးတက်ဖူးရင်တော့ နောက်တစ်ခါဖျားရင်လည်း တက်နိုင်ခြေရှိပါတယ်။
- အကြောက်မလွန်ပါနဲ့။ စိတ်ကိုငြိမ်ငြိမ်ထားပါ။
- ကလေးကို ဘေးတစောင်းထားပါ။ ခေါင်းကို ထိန်းထား ခုထားပေးပါ။
- မျက်မှန်လို ကွဲနိုင်တဲ့ အရာတွေနဲ့ တင်းကြပ်လွန်းတဲ့ အဝတ်တွေ ချွတ်ထားပေးပြီး သက်တောင့်သက်သာအနေအထားမှာထားပါ။
- ကလေးကို အတင်းချုပ်ထားတာ၊ လှုပ်နှိုးတာ မလုပ်ရပါ။
- ကလေးပါးစပ်ထဲကို ဘာမှ မထည့်ရပါ။
- တက်နေတဲ့ကြာချိန်ကို မှတ်သားထားပါ။
- ကုတင်အမြင့် သို့မဟုတ် ပြုတ်ကျနိုင်တဲ့နေရာမျိုးမှာ မထားပါနဲ့။
- အစာတွေအန်ထွက်ထားရင် ခံတွင်းကို သန့်ရှင်းရေးလုပ်ပေးပါ။
- ဆေးရုံချက်ချင်းသွားဖို့ ပြင်ဆင်ပါ။
ဖျားရင်တက်တတ်တဲ့ ကလေးကို ဘယ်လိုပြုစုမလဲ?
ဖျားနေတဲ့ကလေးကို ခန္ဓာကိုယ်အပူချိန် သိပ်တက်လာတာသိအောင် ၄ နာရီခြားခန့် တစ်ခါအဖျားတိုင်းပါ။ အဖျားကျဆေးတိုက်ခြင်း၊ တကိုယ်လုံးအေးသွားအောင် ရေပတ်တိုက်ချခြင်း၊ ကိုယ်ပူကျကပ်ခွာကပ်ခြင်း များ လုပ်ပေးရပါမယ်။ အဝတ်အစားထူထူတွေဝတ်ပေးတာ၊ စောင်တွေနဲ့ထုပ်ထားတာမလုပ်ရပါ။ ကလေးရှိတဲ့ အခန်းကို လှောင်ပိတ်နေအောင်မထားရပါ။ ကလေးကို ရေနှင့် အရည်များများတိုက်ခြင်း၊ ပါရာစီတမောလို ကိုယ်ပူကျဆေးတိုက်ခြင်းများ လုပ်ပေးရပါမယ်။
ဘယ်လိုအခါမျိုးမှာ စိုးရိမ်ရသလဲ?
ကိုယ်ပူကြီးလို့တက်တာမျိုး မဟုတ်ဘဲ အခြား တက်စေနိုင်တဲ့ရောဂါများဖြစ်တဲ့ ဦးနှောက်ယောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးပါးယောင်ခြင်း၊ ဝက်ရူးပြန်ရောဂါ၊ မတော်တဆထိခိုက်မိခြင်းကြောင့် ဦးခေါင်းခွံတွင်းနှင့် ဦးနှောက်တွင်ဒဏ်ရာရထားခြင်း၊ ဦးနှောက်ကင်ဆာဖြစ်ခြင်း၊ သွေးတွင်းဆိုဒီယမ်ဓာတ် အလွန်နည်းနေခြင်းနှင့် ဆေးဝါးအချို့တို့ကြောင့်လည်း တက်နိုင်ပါတယ်။
ဒါကြောင့် ကလေးက ၂၄ နာရီအတွင်း နောက်ထပ် ခဏခဏထပ်တက်နေရင်၊ အချိန်အကြာကြီးတက်ရင်၊ အသက်ရှူရခက်ခဲနေရင်၊ လည်ပင်းတောင့်တင်းကျန်နေရင်၊ ထိုးအန်ရင်၊ တကိုယ်လုံးမဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခြမ်း သို့မဟုတ် တစ်ပိုင်းပဲ ကွေးကောက်တက်ခြင်း များ ဖြစ်လာရင် စိုးရိမ်ရပါတယ်။ ကလေးက ရိုးရိုးဖျားလို့ တက်တာပဲဖြစ်ဖြစ်၊ ရောဂါကြောင့်တက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ဆေးစစ်ကုသမှု အချိန်မီရရှိဖို့ အရေးကြီးတဲ့အတွက် သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြသဖို့ အကြံပြုပါရစေ။